ကျွန်တော်ပိုင်ဆိုင်ခဲ့သော ယုန်လေးတစ်ကောင်အကြောင်း

in #myanmar6 years ago

image

၂၀၁၆ ၁၂ လပိုင်း ၂ ရက်နေ့တုန်းက ကျနော်က လှည်းတန်း အဆောင်တစ်ခုမှာနေထိုင်ခဲ့ရတယ်။ တစ်လကို နှစ်သောင်းခွဲပဲပေးရတာဆိုတော့ တန်တယ်လို့ ဆိုရမှာပေါ့ ဒါပေမယ့် လေကောင်းလေသန့်မရ အဆောင်မှူးကလည်း မိန်းမနဲ့ အမြဲရန်ဖြစ်နေတဲ့ အဆောင်တစ်ခုပါပဲ။ အဲ့မှာ မြေနီကုန်းသွားရင်းနဲ့ ယုန်လေးနှစ်ကောင်ကို တွေ့လို့ အရမ်းချစ်လို့ မွေးခဲ့တယ်။ အဆောင်မှာ ယုန်မွေးတော့ အရမ်းအပြောဆိုခံရတော့တာပါပဲ။ တကယ်က ကိုယ်နေတဲ့ နေရာလေးမှာပဲ မွေးရတာကို ။ အဆောင်ကလည်း တစ်ယောက်တစ်ခန်းစီမဟုတ်ပါဘူး ဒီအတိုင်း စုအိပ်ရတဲ့နေရာလေးပါ။ တစ်ယောက်ကျောတစ်ခင်းစာပဲ ရတာပေါ့။ ကျနော့်ကျောတစ်စင်းစာနေရာလေးမှာပဲ ယုန်ကို ခြင်းတောင်းလေးနဲ့ထည့်ထားတာ ဒါပေမယ့် တစ်ကောင်ကတော့ ဝယ်လာကတည်းက နွမ်းနေလို့ အဆောင်မှာ တစ်ပတ်မကြာပါဘူး သေသွားခဲ့တော့ အဖိုလေး မောင်ကျန်လေးပဲ တစ်ကောင်တည်းကျန်ခဲ့တာ ။ အဲ့မှာ အဆောင်မှူးက ယုန်ချီးက နံတယ် ဘာညာ ပိုးစိုးပက်စက်ပြောတော့ ကိုယ့်ဘာသာ အခန်းစငှားဖို့ ဆုံးဖြတ်ခဲ့တယ်။ ဆုံးဖြတ်တဲ့အတိုင်းပဲ ရန်ကုန် အင်းစိန်ပေါက်တောဝ မှာ တိုက်ခန်းတစ်ခန်းငှားဖြစ်ခဲ့တယ်။

image

တိုက်ခန်းက သုံးလစာငှားခ လေးသိန်းခွဲပေးရတယ်။ အဲ့ တိုက်ခန်းမှာ ကျွန်တော့်ရဲ့ မေ့မရနိုင်တဲ့ မှတ်ကျောက်တစ်ခုဖြစ်တဲ့ ဗူးဒူးမှော်ပညာသင်တန်းကျောင်းကို စဖွင့်ခဲ့တယ်ပေါ့။ ၁၃ ရက်နေ့ ဖမ်းဆီးခံလိုက်ရတယ်။ အင်းစိန်ထောင်ထဲမှာ အချုပ်သားဘဝနဲ့ သုံးလကျော်ခန့်နေခဲ့ရတယ်။ သင်္ကြန်မတိုင်ခင်မှာ အချုပ်ပြန်လွတ်ခဲ့တယ်။ ပြန်လွတ်တော့ ကိုယ့်မှာ ဘာမှမကျန်ခဲ့ဘူး ဘာမှလည်းမရှိတော့ဘူး ဘာဆိုဘာမှ အဝတ်အစားကအစ ပိုက်ဆံအဆုံး တစ်ပြားတစ်ခြပ်မှကို မရှိခဲ့တာ နေစရာတောင်မရှိလို့ ဟိုလူအိမ် တစ်ရက်နေ ဒီလူအိမ်တစ်ရက်နေနဲ့ နေလာခဲ့တယ်ဆိုပါတော့ဗျာ။ အဲ့ဂလိုမျိုး ရက်နှစ်ဆယ်လောက် ဟိုအိမ်နေ ဒီအိမ်နေတာကနေ ကိုယ့်ဘဝကို ရအောင်ရှေ့ဆက်ခဲ့တာဗျ။ အဲ့အချိန်ပတ်ဝန်းကျင်က ကျနော်ဘာမှမကြောက်ခဲ့ဘူး ကိုယ်ဘာလုပ်နိုင်မလဲဆိုတာပဲ ရွေးပီး လုပ်နိုင်တာကိုပဲ လုပ်ခဲ့တာ အဲ့အချိန်က ကျနော့်အသက် ၂၁ နှစ်ကျော်ပေါ့။

တိုက်ခန်းထဲမှာ ယုန်လေး ကိုပါ တစ်ခါတည်းခေါ်ထားတာလေ။ ကိုယ် အချုပ်ကျနေစဉ်မှာ ဒီယုန်လေး ဘယ်ကမ္ဘာရောက်သွားမှန်းလည်းမသိ ဘယ်သူမွေးထားမှန်းလည်းမသိ သိလိုက်တာတစ်ခုကတော့ ယုန်လေး ရောက်လိုက်တဲ့ အိမ်တိုင်းက သူ့ကို ပြန်မလွတ်ချင်ကြဘူး လာဘ်ကောင်လေးဆိုပီး ဝိုင်းချစ်ကြလို့ပဲ။ သူက ချစ်မွှေးပါတယ်ဗျ ထို့အတူ အဲ့ အိမ်ရောက်ရင်လည်း အဲ့ အိမ်က စီးပွားရေးအဆင်ပြေသွားတာချည်းပါပဲ။ အခု အဲ့ ယုန်လေး အသက်ရှင်နေသေးလား ဘယ်သူ့လက်ထဲ ရောက်ရှိသွားလဲဆိုတာ အခုအချိန်ထိ မေးလို့မရနိုင်တဲ့ ပုစ္ဆာတစ်ခုအနေနဲ့ ကျန်ရှိနေတယ်။ သတိရတယ်။ သူ့ကို အိမ်ကျယ်ကျယ်မှာ မွေးထားချင်လို့ကို တိုက်ခန်းတစ်ခန်း မရရတဲ့ နည်းနဲ့ ငှားခဲ့တာဆိုတော့လေ အဲ့ကနေ အခြားအကောင်အထည်တွေ ဖော်ဖြစ်တာပေါ့။ ဘာပဲဖြစ်ဖြစ် ဝမ်းနည်းစရာအမှတ်တရတစ်ခုပါပဲ။

image

#လင်းညို့တာရာ